Monday, December 30, 2013

မာနနှင့်အပြိုင်



“ မမနွယ် ကို မေမေ ကတွေ့ချင်လို့တဲ့”
နွယ့်ရင်ကို လှုပ်ခတ်စေတဲ့ စကားဖြစ်ပေမယ့် ရင်ခုန်သံကို ထိန်းပြီး
“ မောင် ကရော ဘယ်လိုထင်သလဲ… မောင့် မေမေက မမနွယ်မှာ ကလေးရှိတယ် ဆိုတာ 
သိထားတယ်နော်.. တစ်ကယ်လို့ မောင်နဲ့ မမနွယ်ကို သဘောမတူရင် မောင်ဘယ်လို စဉ်းစားထားလဲ မောင် ”
ဒီမေးခွန်းလေးကို နွယ်ရင်ခုန်သံတွေ ရပ်တန့်ပြီး မေးခဲ့ရပါသည်။
မောင့်မျက်နှာ က အရင်လို လတ်ဆတ်မနေခဲ့ပေမယ့် မောင်ဟာ မမနွယ်ရဲ့ နှလုံးသားထဲမှာ အမြဲလတ်ဆတ်နေတဲ့ အချစ်တွေနဲ့ပါ မောင်ရယ်။
“ မောင်တို့ မေမေနဲ့ အရင် တွေ့ကြတာပေါ့ မမနွယ်ရယ် ”
မောင်ရယ်… အင်အားတွေ မရှိသလိုပါပဲလား။ နွယ် တိုးတိုးလေး ဖွ ညည်းမိသည်။
----------------------------------------------------------------------------------------
“ နွယ်သခင်နော် ”
“ ဟုတ်ပါတယ်… အန်တီ ”
“ သမီးရဲ့ သားက အသက် ဘယ်လောက်ရှိပြီလဲ ”
“ ၁.နှစ်ကျော်ပါပြီ ရှင် ”
“ ဟုတ်ပါပြီ…. အန်တီ့ အနေနဲ့ပြောရရင် အန်တီရဲ့ တစ်ဦးတည်းသော သားလေးကို အကောင်းဆုံး၊ အတင့်တယ်ဆုံး အရာတွေပဲ ပိုင်ဆိုင်စေချင်တာ အန်တီ့ရဲ့ ဆန္ဒပါ… အခုတော့ သားက အန်တီဖြစ်ချင်တာတွေနဲ့ ဆန့်ကျင်ဘက်ကို သဘောကျနေပြီ။ သားရဲ့ အချစ်ကို ဘယ်လိုမှ တားဆီးလို့ မရနိုင်တဲ့ အဆုံး သမီးကို အန်တီ ခေါ်တွေ့ရတာပါ။ ”
“ ဟုတ်ကဲ့ရှင့် ”
“ အန်တီဖြစ်စေချင်တာက သမီးရယ်… မင်္ဂလာဆောင်လို့ သားရဲ့ ဘေးမှာ သူချစ်တဲ့သူ တစ်ယောက်ပဲ ရှိနေတာကို မြင်ချင်တယ်…. တစ်ခြား အပိုတွေကို အန်တီ မမြင်ချင်ဘူး။ ရှင်းရှင်းပဲ ပြောမယ် သမီးရယ်… အန်တီ့သားနဲ့ လက်ထပ်ပြီးရင် သမီး တစ်ဦးထဲကိုပဲ လက်ခံမယ် ”
“ ရှင် ”
“ ကလေးကို ဘယ်လိုလုပ်ရမလဲ ရှင် ”
“ အပြစ် မရှိတဲ့ကလေးကို သမီး  ဘယ်သူတွေနဲ့ ပြစ်ထားခဲ့ရမလဲ အန်တီရယ် ”
“ ဟုတ်ပါတယ်… သမီး… အပြစ်မရှိဘူး ဆိုပေမယ့် အဲဒီ့ကိစ္စက အန်တီတို့ အတွက်တော့ အပြစ်တစ်ခုလိုပါပဲ”
နွယ်ထင်မှတ်ထားသလိုပါပဲလား မောင်ရယ်။
မောင့်ကို အားကိုးတကြီး လှမ်းကြည့်လိုက်ပေမယ့် မောင်ကတော့ မောင့်မေမေရဲ့ ဆန္ဒနဲ့ ထပ်တူကျတဲ့ အကြည့်တွေနဲ့ပါလား မောင်။
နွယ်နဲ့ ချစ်ခဲ့တုန်းက မောင်မစဉ်းစားခဲ့ဘူးလား မောင်ရယ်… နွယ်မောင့်ကို ပြောခဲ့ဖူးတယ်လေ… မမနွယ်တို့ လက်ထပ်ပြီးရင် သားလေးနဲ့ အတူနေမယ်ဆိုတာလေ… အဲဒီတုန်းက မောင် ပြုံးပြီးခေါင်းငြိမ့်ခဲ့တယ်လေ… မောင် မေ့ပစ်လိုက်ပြီလား မောင်ရယ်။

နွယ် စိတ်ကို အတည်ငြိမ်ဆုံး ထိန်းပြီး မောင့်ကို မေးလိုက်သည်။
“ မောင်ရော… ဘယ်လို စဉ်းစားထားလဲ… မောင် ”                     
မမနွယ်ကတော့ သားလေးကို ပြစ်ပြီး မထားရက်ခဲ့နိုင်ဘူး မောင်။
“ မောင် က မေမေ ပြောတဲ့ စကားအတိုင်းပဲ ဖြစ်ချင်တယ်…. မမနွယ် ”
မောင့်ရဲ့ အဖြေက သူ့မေမေရဲ့ သဘောဆန္ဒအတိုင်းပါပဲလား…
ပြောင်းလဲလို့ မရတဲ့ အခြေအနေမှာ နွယ် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်ပါတော့တယ်…
“ မမနွယ် သားလေးနဲ့ ခွဲပြီး မနေနိုင်ပါဘူး… ပြစ်လည်း ပြစ်မထားရက်နိုင်ဘူး… မမနွယ် သွားခွင့်ပြုပါ ”
မောင်လည်း မမနွယ် နောက်ကို ဆက်မလိုက် ခဲ့ဘူးနော်… ပြတ်သားနိုင်လိုက်တာ မောင်ရယ်။
နွယ့်ရင်ထဲမှာ မိခင်မာနတွေနဲ့ မောင့်မေမေရဲ့ရင်ထဲမှာလည်း မိခင်မာန အပြည့်နဲ့ မောင့်ရင်ထဲမှာရော အချစ်ဆိုတဲ့ အတ္တတွေနဲ့ ပေါင်းစည်းထားတဲ့ အချစ်မာန အပြည့်နဲ့ မာနတွေအပြိုင်အဆိုင် အားပြိုင်ခဲ့ကြတာပေါ့။
----------------------------------------------------------------------------------------
အခုဆို သားလေးက ၂၀ကျော် ၂၅.ထဲရောက်နေပြီလေ။
မောင်နဲ့ လမ်းခွဲပြီး သားလေးလင်းလက် နဲ့ ဘ၀ကို အဖေါ်မပါဘဲ လျှောက်လှမ်းခဲ့တယ်…
ခုဆို သားလေးက ၀ါသနာပါရာ လူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီး တစ်ယောက်ဖြစ်နေပါပြီ… နွယ့် ဘ၀လေးလည်း အေးချမ်း တည်ငြိမ်လာခဲ့ပြီလေ…
ခုတော့ သားလေးက “ မေမေ သားချစ်သူနဲ့ လက်ထပ်တော့မယ်” တဲ့…
ဒီနေ့ သားချစ်သူနဲ့ တွေ့ဖို့ ပြင်ဆင်နေရင်း အတိတ်ဆီကို လွင့်မျောနေမိတာ…
“ မေမေ… မေမေ သားတို့ ရောက်ပါပြီ ”
ဒေါ်နွယ်သခင် မြင်မြင်ချင်းပဲ သား အရွေးတော်လိုက်တာ လို့ ချီးကျူးမိတယ်…
မိန်းကလေးက ဖြူဖြူချောချော သန့်သန့်လေး။
          “ သမီး နာမည် က ”
          “ ချောကလျာပါ ရှင့် ”
          “ သမီး မိဘတွေကရော ”
          “ မေမေကတော့ သမီးငယ်ငယ်လေး ကတည်းက ဆုံးသွားပါပြီ… အခု ဖေဖေနဲ့ အတူနေပါတယ်… ”
          “ သြော်…. အန်တီ့အနေနဲ့ကတော့ သားကလည်း ချစ်မယ်… သမီးကလည်း ချစ်တယ် ဆိုရင် အပျို နဲ့လူပျို ဘာမှပြောစရာ မရှိပါဘူး ကွယ် ”
          “ ဟုတ်… ဟုတ်ကဲ့ရှင့် ”
----------------------------------------------------------------------------------------
          “ ကလင်… ကလင်… ကလင်… ”
          “ ဟလို ”


 “ အန်တီ နွယ်သခင်လား မသိဘူး ”
          “ ဟုတ်ပါတယ် ”
          “ အန်တီ… သား လင်းလက် သူငယ်ချင်းပါ… နာမည်တော့ မပြောတော့ပါဘူး… အန်တီ… ချောကလျာက အပျို မဟုတ်ဘူး အန်တီ… အိမ်ထောင်ကျဖူးတယ်… အိမ်ထောင်ကျပြီး ၁.နှစ်လောက်မှာ သူ့ယောက်ျားဆုံးသွားခဲ့တာ အန်တီ… သူ့မှာ သမီးလေး တစ်ယောက်ကျန်ခဲ့တယ်… အဲဒါ လင်းလက်လည်း သိတယ်… ကျနော်တို့ ဘယ်လိုမှ ပြောလို့မရတော့လို့ အန်တီ့ ကိုပြောရတာပါ… အန်တီနဲ့ မိတ်ဆက်ပြီးပြီလို့ သိရပါတယ်… ”
          “ အေး… အေး… ကျေးဇူးပါပဲကွယ် ”
နွယ်သခင့် ရင်ကို လှိုင်းကြမ်းကြမ်း ဖြတ်ခတ်သွားသလိုပါပဲ။
သားရယ်….
နွယ့်မှာတော့ သားကို ယုံစားစွာ ချောကလျာရဲ့ နောက်ကြောင်း၊ မိဘ၊ မိသားစုအခြေအနေ ဘာကိုမှ မမေးခဲ့၊ မစုံစမ်းခဲ့။ သားသဘောကျ အတိုင်း လိုက်လျောခဲ့မိသည်။
ကံကြမ္မာ က ကြည်စားလေသလား။ ဒေါ်နွယ်သခင် တွေးမိသည်။
တစ်ချိန်က မောင့်မေမေရှေ့မှာ အပြောဆိုခံ နွယ်သခင်။
ခုတော့ မောင့်မေမေ နေရာက သရုပ်ဆောင်ရမယ့် နွယ်သခင်။
မိခင်တစ်ယောက်ရဲ့ မာနနဲ့ သားကို ပိုမြင့်တဲ့ နေရာပို့ပေးရမလား…
တစ်ချိန်က မောင့်မေမေရဲ့ အပြောအဆိုခံ နွယ်သခင်လေး ကိုပဲ ဦးစားပေးပြီး သဘောတူပေးရမလား…
ရင်မှာ ဗလောင်ဆူစွာ ယောက်ယက်ခတ်နေမိပါသည်။
----------------------------------------------------------------------------------------
ဒါနဲ့ သားရဲ့သူငယ်ချင်းတွေမှ တဆင့် ချောကလျာရဲ့ နောက်ကြောင်းအခြေအနေကို စုံစမ်းကြည့်မိတဲ့အခါမှာတော့…
လောကမှာ ထင်မှတ်မထားတဲ့အရာတွေက လူတွေကို မျက်လှည့်ပြသလို လှည့်စားတတ်တယ်ဆိုတာပါပဲ…
ချောကလျာရဲ့ အဖေ ဆိုသူက တစ်ချိန်က နွယ့်နှင့် သားကို တစ်ကွဲတပြားစီ ခွဲဖို့ကြိုးစားခဲ့သူ မောင် (သို့မဟုတ်) ဦးဇေယျာနိုင် ပါတဲ့… ကျက်နေပြီဖြစ်တဲ့ အနာဟောင်းက ပြန်လည်ထိုးဆွခံရသလိုပါပဲ… တစ်ချိန်က ချစ်လှပါပြီပြောပြီး နွယ့်ကိုသာ လက်ခံချင်ပြီး သားကိုတော့ လက်မခံချင်ခဲ့တဲ့သူက ခုတော့ သားရဲ့ယောက္ခမ လုပ်မလို့တဲ့… ဟင်းးဟင်းးး ဘယ်လောက် ရယ်စရာကောင်းပါလိမ့်… အို.. ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ လုံးဝလက်မခံနိုင်ပါ။ လုံးဝ မဖြစ်စေရဘူး။ အဟောင်းတွေက အသစ်ပြန်လည်ဖြစ်တည်ပြီး နွယ့်ရင်ထဲက မာနတွေက အုံကြွလာခဲ့ပါပြီ။ ဒီတစ်ခါ နွယ်က အရင်လို စွန့်ပစ်ခံ မိန်းမ တစ်ယောက်မဟုတ်တော့။
          အစကတော့ ချောကလျာ နောက်ကြောင်းကို စုံစမ်းပြီး သားသူငယ်ချင်းတွေပြောတဲ့အတိုင်း မှန်ခဲ့ရင်တောင် သားဘက်ကလည်း မခွဲနိုင်ပါဘူးဆိုရင် တစ်ချိန်က သူမလိုအဖြစ်မျိုးနဲ့တူနေခဲ့တာမို့ မိန်းမသားချင်း စာနာစွာ လက်ခံပေးဖို့ သူမ စဉ်းစားထားပြီးသား။ အခုတော့ အခြေအနေတွေက သူမထင်သလို မရိုးစင်းခဲ့။ တစ်ချိန်က ခေါင်းငုံ့အရှုံးပေးခဲ့ရတဲ့၊ စွန့်ပစ်ခံခဲ့ရတဲ့ နွယ် ဒီတစ်ခါတော့ ခေါင်းမော့ အနိုင်ယူချင်စိတ်တွေက မရင့်ကျက်သေးတဲ့ သူတစ်ယောက်လို ဆန္ဒပြင်းပြလာခဲ့သည်။
စာ - ၎
ဒါကြောင့် ဦးဇေယျာနိုင် နှင့်တွေ့ရဖို့ သားကို နွယ် စကားဆိုမိသည်။
“ သား… ချောကလျာရဲ့ အဖေနဲ့ မေမေ တွေ့ချင်တယ်…” သားမျက်နှာ မသိမသာပျက်သွားရင်း
“ ဘာလို့လဲ မေမေ… ဘာကိစ္စရှိလို့လဲ..”
“ သြော်… သားတို့ကိစ္စလေ… မေမေတို့ လူကြီးချင်းတွေ့ပြီး တိုင်ပင်စရာ ရှိတာ တိုင်ပင်ချင်လို့ပါ… အဲဒီနေ့ကျရင် သားနဲ့ ချောကလျာပါ ရှိနေရမယ်လေ… ”
“ ဟုတ်ကဲ့ပါ... မေမေ… သား ချောကလျာကိုပြောပြပြီး ရက်ချိန်းလိုက်ပါ့မယ်”
“ အေး… ကောင်းပါပြီကွယ်… အဆင်ပြေတဲ့နေ့ပြောပေါ့ ”
နွယ့်ကို တွေ့ရင် ဦးဇေယျာနိုင် အံ့သြသွားမှာပေါ့… နွယ်ကတော့ ရင်ထဲမှာ ပြောစရာတွေ အပြည့်နှင့် ဦးဇေယျာနိုင် ရင်ကို အလဲထိုးနိုင်ဖို့ စကားလုံးတွေ ရွေးနေမိပါတယ်… “ တစ်ချိန်က ကျွန်မ ခံစားခဲ့ရသလို ရှင် ပြန်ခံစားစေရမယ်… ဦးဇေယျာနိုင် ” နွယ် အခဲမကြေစွာ ကြိမ်းဝါး မိသည်။
          ဒီလိုနဲ့ ဦးဇေယျာနိုင်နဲ့ တွေ့ဖို့ နွယ့်အိမ်မှာပဲ ချိန်းဖြစ်ခဲ့ကြတယ်… ဦးဇေယျာနိုင်က နွယ့်ကို တွေ့ တွေ့ချင်းပဲ
“ ဟင်… နွယ်… နွယ်… မင်း နွယ်သခင် မို့လား ”
“ ဟင်းးဟင်းး သိပ် ဟုတ်တာပေါ့ ဦးဇေယျာနိုင်… ကျွန်မက ရှင် တစ်ချိန်က စွန့်ပယ်ခဲ့တဲ့ နွယ်သခင်ပါ။ ”
“ ဟင်. မေမေ တို့ က သိနေကြတာလား ” “ ဟုတ်လား… ဖေဖေ ”
“ ဟုတ်တာပေါ့… သိတာမှ ရင်းရင်းနှီးနှီးကို သိခဲ့ကြတာလေ… ကဲ ထိုင်ကြပါ… ထိုင်ကြပါ ”
“ ကျွန်မ အခုလို ဦးဇေယျာနိုင်နဲ့ တွေ့ဖို့ ခေါ်လိုက်ရတာက ကျွန်မဘက်က သဘောထားကို ပြောဖို့ပါ… ကျွန်မ ပြောတာကိုပဲ နားထောင်ပေးပါ… ” “ ရှင့် သမီးက ကလေး တစ်ယောက် မိခင်ဆို ”
“ ဗျာ… မေမေ… ဘယ်လိုလုပ် သိသွားတာလဲ ”
“ အေး… သားက မေမေ့ကို ဖုံးကွယ်ထားပေမယ့် သား သူငယ်ချင်းတွေက တဆင့် မေမေ သိခဲ့ရတာပဲ ”
“ ဟုတ်ပါတယ်… နွယ်… သမီးလေးခမျာ… ကံမကောင်းရှာပါဘူး… ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ခင်ပွန်းသည် ဆုံးသွားလို့ စောစောစီးစီးပဲ ကလေးတစ်ယောက်မိခင် ဖြစ်ခဲ့ရပါတယ်… ကိုယ်တို့ဘက်က ဘာမှ ဖုံးကွယ် မထားခဲ့ပါဘူး… ကလေးတွေကလည်း သားအမေ သိပါတယ်… လို့ပဲ ပြောခဲ့ကြတာပါ ”
“ သြော်… သားက မေမေ့ကို တစ်ပါတ်ရိုက်ဖို့ ကြိုးစားနေတာကိုး ”
“ အဲလို မဟုတ်ပါဘူး မေမေရယ်… ချက်ချင်းပြောလိုက်ရင် မေမေ စိတ်ထိခိုက်သွားမှာ စိုးလို့ပါ … ”
“ ကဲ… ထားပါတော့… ”

စာ - ၅
 “ ဒီမှာ ဦးဇေယျာနိုင်က တစ်ချိန်က ကျွန်မရဲ့သားကို ရှင်နဲ့ ရှင့်အမေ လက်မခံနိုင်ခဲ့တာကို ရှင် မှတ်မိအုံးမှာပေါ့… အခုတော့ ရှင် အသိအမှတ်မပြုနိုင်ခဲ့တဲ့ ကျွန်မရဲ့သား လူပျိုလေးဆီ ရှင့်သမီး ကလေးတစ်ယောက်မိခင်ကို အပ်တော့မလို့လား… ”
“ အဲလို မဟုတ်ပါဘူး… နွယ်… ဒါပေမယ့် သားကလည်း လက်ခံနိုင်ပါတယ်… ဆိုလို့ပါ ”
“ ဟုတ်ပါတယ်… အန်တီရယ်… သမီးတို့ စတွေ့ကတည်းက သမီးမှာ ကလေး တစ်ယောက်ရှိမှန်း သူ သိပါတယ်… သမီးတို့ ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ… ”
“ သြော်… သားက လက်ခံနိုင်တယ်တဲ့လား… တစ်ချိန်ကကော ရှင် ကျွန်မကို ဒီလိုပဲ ပြောခဲ့တာပဲလေ… ရှင့်အမေရှေ့ ရောက်တော့ မှ ကျွန်မတို့ သားအမိ နှစ်ယောက် ကို ရှင်တို့သားမိ က  ခွဲဖို့ ကြိုးစားခဲ့ကြတာမို့လား… အခုတော့ ရှင် စွန့်ပယ်ခဲ့တဲ့၊ ရှင် လက်မခံနိုင်ခဲ့တဲ့၊ ရှင် သား အဖြစ် အသိအမှတ် မပြုနိုင်ခဲ့တဲ့ ကျွန်မသားကို ရှင်က သားမက် အဖြစ် လက်ခံနိုင်တယ်ပေါ့လေ… သားမက်အဖြစ် အသိအမှတ်ပြုတော့မယ်ပေါ့…. ဟင်းးဟင်း ရှင် သိပ် တရားတာပဲနော်… ”
“ အို…ရှင် ကျွန်မ ရှင်းရှင်းပဲ ပြောမယ်… ကျွန်မသားကို ရှင့်သမီးနဲ့ သဘောမတူနိုင်ပါဘူး… ကျွန်မပြောချင်တာ ဒါပါပဲ ”
“ ဟာ… မေမေ အဲလိုမလုပ်နဲ့လေ… ချော မှာ ဘာအပြစ်ရှိလို့လဲ မေမေရယ်… ”
“ အန်တီရယ်… အန်တီနဲ့ ဖေဖေတို့ အဖြစ်တွေကို သမီးတို့ မသိခဲ့ရပါဘူး.. သမီးတို့ကို မခွဲပါနဲ့ အန်တီရယ်… သမီး ဘာအမှားလုပ်မိလို့လဲ အန်တီရယ် ”
“ မှန်ပါတယ်… သမီး ဘာအမှားမှ မလုပ်ပါဘူး.. အပြစ်လည်း မရှိပါဘူး… အပြစ်မရှိတဲ့ သမီးကို ငြင်းရတဲ့အတွက် အန်တီ စိတ်မကောင်းပါဘူး… ဒါပေမယ့် သမီးကိုတော့ အန်တီ့သား နဲ့ လုံးဝ သဘောမတူနိုင်ပါဘူး… လက်လည်း လက်မခံနိုင်ဘူး… အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ သမီးက ဦးဇေယျာနိုင် ရဲ့သမီး ဖြစ်နေလို့ပါပဲ ”
“ကဲ…. ကျွန်မပြောချင်တာ ဒါပါပဲ… ရှင်တို့ ပြန်နိုင်ပါပြီ…. ”
 “ မဟုတ်သေးဘူး နွယ်ရယ်… ကိုယ် မှားခဲ့တယ် ဆိုတာ ၀န်ခံပါတယ်… ဒါပေမယ့် သမီးလေးနဲ့ ဘာမှ မဆိုင်ပါဘူး.. သမီးလေးကို ခွင့်လွှတ်ပေးပါ… သူတို့လေးတွေကို နီးစပ်ခွင့်ပေးလိုက်ပါ နွယ်ရယ်… ကိုယ် အနူးအညွတ် တောင်းပန်ပါတယ်… ”
“ ကျွန်မ စကားအကုန်ပြောပြီးပါပြီ…. ပြောစရာ စကားလက်ကျန် မရှိတော့ပါဘူး… ရှင်တို့ ပြန်ပါတော့… ကျွန်မ နားချင်ပြီ ”
ဦးဇေယျာနိုင်တို့ သားအဖခေါင်းငိုက်စိုက်ပြီး ပြန်သွားတာကို နွယ်ကြည့်ပြီး ရင်မှာ ကျေနပ်စိတ်တွေနဲ့ပေါ့…
“ မေမေ… မတရားဘူးဗျာ… လုံးဝ မတရားဘူး…. မေမေတို့ ဖြစ်ခဲ့တာတွေနဲ့ သားတို့က ဘာဆိုင်လို့လဲ… ဘာလို့ သားတို့ကို မြေဇာပင် လုပ်ရတာလဲ ”
“ သားနဲ့ မဆိုင်ဘူးတဲ့လား… အေးလေး သားက မေမေ့ကို အပြစ်တင်ချင်မှာပေါ့… ဒီမယ်..သား… အဲဒီ ဦးဇေယျာနိုင် ဆိုတာ သား မတော်လိုက်ရတဲ့ အဖေပါ… မေမေ့မှာ အခြားတစ်ယောက်နဲ့ရခဲ့တဲ့ သားကို သူ့သားအဖြစ်လက်မခံနိုင်ခဲ့လို့ မေမေတို့ လမ်းခွဲခဲ့တာ… သားအဖြစ်လက်မခံနိုင်ခဲ့တဲ့ သားကို ဒီအရွယ်ထိ မေမေတစ်ယောက်တည်း ရုန်းကန်ကျွေးမွေး ပြုစုပျိုးထောင်လာခဲ့ပြီးမှ သူက အခုတော့ သားမက်အဖြစ် လက်ခံတော့မယ်တဲ့…. မေမေက ဘယ်လို သဘောထားကြီးစွာ သူ့ကို ခမည်းခမက်အဖြစ်နဲ့ လက်ခံရမလဲ….. ”
စာ - ၆
 “ မေမေရခဲ့တဲ့ စိတ်ဒါဏ်ရာတွေကို သားက ကုသမပေးဘဲ…. နောက်ထပ် ဒါဏ်ရာတွေ ထပ်ပြီး ပေးအုန်းမလို့လား…ကွယ်…
ဒီတစ်ခါတော့ မေမေထပ်ပြီး မရှုံးနိမ့်ပါရစေနဲ့တော့ ”
“ မေမေ ထပ်ပြီး သတိပေးလိုက်မယ်… ချောကလျာနဲ့ သား ထပ် ဆက်သွယ်ဖို့ မကြိုးစားပါနဲ့… မေမေ့ကို နားလည်တယ် ဆိုရင်ပေါ့… မေမေ ဒါပဲပြောချင်တယ်.. ”
သားက သူမကိုကျောခိုင်းပြီး အပေါ်ထပ်ကို တက်သွားပါပြီ… သူမကတော့ စောစောကအဖြစ်တွေကို ပြန်လည်တွေးရင်း ကျေနပ်နေမိသည်။ အိနြေ္ဒမဆည်နိုင်လောက်အောင် ပျက်ကျ နေတဲ့ ဦးဇေယျာနိုင်ရဲ့ မျက်နှာကို မြင်ယောင်ရင်း သူမ အနိုင်ရခဲ့သည်ကို ကျေနပ်နေခဲ့သည်။ သားအပေါ်မတရားဘူးပြောပြော၊ အတ္တကြီးတယ် ပြောပြော သူမကတော့ တစ်ချိန်က သူမကျဆင်းခဲ့တဲ့ သူမရဲ့ မာန သိက္ခာတွေကို ပြန်လည် အဖတ်ဆည်လိုက်နိုင်ပြီ မဟုတ်ပါလား… ဒီအတွက် သူမရင်မှာ ကျေနပ်စွာ ပီတိဖြစ်နေမိသည်။ သားအပေါ်ချစ်ခင်စိတ်ကြောင့် လိုက်လျောချင်ခဲ့တဲ့ စိတ် နဲ့ ဦးဇေယျာနိုင်အပေါ် လက်စားချေ၊ အနိုင်ယူချင်စိတ်တို့ လွန်ဆွဲနေခဲ့တဲ့ ဒီပွဲမှာ သူမရဲ့မာနတွေက အပြတ်အသတ်အနိုင်ရခဲ့ပါသည်။ ဒါပေမယ့် သူမ စိတ်ဆုံးဖြတ်ချက်က သားအပေါ်မှားပြီလား… မှားသည် ဖြစ်စေ… မှန်သည်ဖြစ်စေ… သူမရင်ထဲက မာနတွေက သားတို့ချစ်ခြင်းကို မျက်ကွယ်ပြုရင်း ဦးဇေယျာနိုင်အပေါ် အနိုင်ယူလိုက်နိုင်သည့် အတွက် ကျေနပ်ပီတိဖြစ်လို့နေပါတော့သည်။

အမှန်တရား ဆိုပေမယ့်လည်း
ရှုထောင့် တစ်နေရာရာမှာ
မှားနေတက်တာပဲ၊
အောင်နိုင်ခြင်း ဆိုပေမယ့် လည်း
 ရှုထောင့် တစ်နေရာရာမှာ
ရှုံးနိမ့်နေတက်တာပဲ၊
အနိုင် အရှုံး အမှန်တရားတွေနဲ့ 
ဒီရင်မှာ တဆစ်ဆစ်နာလို့ 
မာနတွေ နဲ့ အပြိုင်လှိုင်းထနေတယ် ။


                                                                                                                                                                                                                             မင်းသျှင်
                                                                                                                                                                                                                                                                                                                                               


















Sunday, December 29, 2013

နှစ် (၃၀) ခရီးစဉ်


ဟိုးရှေးရှေး နှစ် (၃၀)တုန်းကပေါ့...
အမေရဲ့ အသက်စတေးဝံ့တဲ့ ပေးဆပ်မှု
အဖေရဲ့ ရင်ခုန်သံ တွေ။
မွေးနေ့ တဲ့
သတ်မှတ်ချက်တစ်ခု
သတိပြု အသိပြု အမှတ်တရ ဖြတ်သန်းမှု တွေ
သင်ခန်းစာတွေ ရှိတယ်
ဒဏ်ရာတွေ ရှိတယ်
ပျော်ရွှင် ခြင်းတွေ ရှိတယ်
ဒုက္ခတွေ ရှိတယ်။
ယူသင့် တာယူ
ပြင်သင့်တာတွေ ပြင်
နောက်တစ်နှစ်အတွက် ခြေလှမ်းတွေ အားအင်ပြည့်ဖို့လိုတယ်။
မွေးနေ့တဲ့
သေဖို့ရှေ့တစ်လှမ်းတိုးခဲ့ပြီ
ရင့်ကျက်မှုတစ်ကွက် တက်ခဲ့ပြီ
အရေးပြားတွေ အရစ်ထကုန်ပြီ
ရောဂါတွေ မျက်စောင်းထိုးကုန်ပြီ။
အခု…..
ဖေဖေ၊မေမေ တို့ ရဲ့ သွေးတွေနဲ့
လောကအလယ် နှစ်(၃၀)မော်ကြွားခွင့်ရခဲ့ပြီ။


                                                  မင်းသျှင်
                                             (၂၈.၁၂.၂၀၁၃)

Thursday, December 26, 2013

ရင်စူးမြား

ရသစာပေရဲ့ အနှစ်သာရ
လူငယ်တွေရဲ့ ရသစာပေ
မြတ်နိုးမှု ၊ တန်းဖိုးထားမှု
အို.......ရင်စူးမြား..ရင်စူးမြား
သင့်..မွေးဖွားလာခဲ့ပြီး။
အဆိပ်မပါတဲ့  ရသမြားတွေ...ရသမြားတွေ
မျက်ရည်စို့ လွယ်ရင် ဖြည်းဖြည်းချင်းသာလှန် ဖတ်လိုက်ပါ ဆိုတဲ့
မောင်ညိုမှိုင်း(သန်လျင်) ရဲ့ အဖွင့်အမှာစာ။
ဘ၀တွေ..ဘ၀တွေ......
 ထွေပြားဆန်းပြားလွန်းပေစွ
ရသတွေကို ထုဆစ်ကာ သရုပ်ဖော်
ရင်စူးမြားရဲ့  ရင်ခွင်မှာလေ
ဘ၀ထဲက..ဘ၀တွေ...။
အို.....ရင်စူးမြား
တစ်ပြည်လုံးပျံကာ ၀ဲလို့ 
ရနံ့ သင်းစေ.......
လူတိုင်းရင်ထဲ စွဲစေသား.....။

မင်းသျှင်

Sunday, December 1, 2013

မိန်းမသား ဘဝ

သြော်......မိန်းမသား...ဘ၀...ဒီလိုလား


အပြာရောင်လမ်းရဲ့  အစိမ်းရောင်ပန်းခင်းကြီးမှာ ကဗျာရေးချင်မိတယ် ”


ခြေတစ်လှမ်းပြီး တစ်လှမ်း အတွေးသစ်ကိုကောက်တယ်
မျော်လင့်ခြင်းမြစ်ဟာ စိတ်ကူးလှေနဲ့  ရွက်လွှင့်နေတယ်။
ဂျာနယ်ကို ကိုင်ကြည့်ရင် ဆန္ဒပြချင်တယ်၊ အရွယ်မရောက်သေးတဲ့ သမီးငယ်လေးကို စိတ်မချဘူး
အင်တာနက်ပေါ်တက်တော့ အပျိုဖြန်းသမီးလေး ကို စိုးရိမ်မိတယ်
ခေတ်ဆိုတာ စနစ်ကျမှ လှတာ။
လူဆိုတာကို ချဉ်းကပ်ရင် အပူလှိုင်းက ဟပ်မယ်
အပူရုပ်နဲ့  ဘီလူးက ကတက်တော့
မိဘမဲ့ ကလေးတွေ ငိုသံ မစဲဘူး။
ကာလာနဲ့  ဘာသာ အခင်းအကျင်းမှာ
အမျိုးသားရေးစိတ်ဓါတ်  နှလုံးသားလှဖို့  လိုတယ်။
ကျွန်တော်တို့ ခုတ်ခဲ့တဲ့ သစ်ပင် ကျွန်တော်တို့ ပြန်စိုက်ရမယ် ၊ ထိန်းသိမ်းရမယ် ၊
သစ်ပင်တစ်ပင် ရဲ့ တန်းဖိုးကို သစ်ပင်စိုက်တဲ့သူက နားလည်တယ်
ဥတု က သရုပ်ပြတယ်
ခုတ်တဲ့သူက ငွေကြေးနဲ့  ကန့် လန့် ခါ ချတယ်။
ပြောင်းလဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပြောင်းလဲခြင်းရဲ့  သရုပ်
မပြောင်းလဲသေးတဲ့ ဟန်
ပြောင်းလဲခြင်းရဲ့  ဘေးထွက်ဆိုးကျိုးစရိုက်
ပြောင်းလဲခြင်းကို စိန်ခေါ်တယ်။
ပုံစံခွက်ကျခဲ့တဲ့ အရိပ်ဆိုးတွေ  အတိတ်တစ္ဆေကြောက်လို့ 
ကျွန်တော်တို့ အတွက် အားကိုးလောက်တဲ့ အားဆေးတစ်ခွက်တော့ လိုတယ်။
အချိန်မှီခဲ့ရင်...
 အပြာရောင်လမ်းရဲ့  အစိမ်းရောင်ပန်းခင်းကြီးမှာ
ကဗျာတစ်ပုဒ်လောက် ရေးချင်မိတယ်။

                                                            မင်းသျှင်