Saturday, December 13, 2014

အိမ်ထောင်ပြုမယ်ဆိုရင်




“အိမ်ထောင်ပြုမယ်ဆိုရင်”

ဇော်မိုးရဲ့ ပြောင်းလဲသွားတဲ့ပုံစံကို ကျွန်တော် အပါအ၀င် သူငယ်ချင်းများပါ အံသြနေမိသည်။ ဒီလောက်ထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမယ်လို့ မထင်ခဲ့ဘူး။ အရင်ကဆို သူငယ်ချင်းတွေ လက်ဘက်ရည်ဆိုင် သွားမယ်ဆိုရင် စုရပ်မှာ အရင်ရောက်နေပြီး၊ ကျန်နေတဲ့ သူငယ်ချင်းအိမ်တွေကို လိုက်ခေါ်ပြီးမှ လူစုံပြီဆို လက်ဘက်ရည်ဆိုင်ကို သွားနေကြ။ ဒီကောင်အိမ်ထောင်ကျပြီး နောက်ပိုင်း သူငယ်ချင်းတွေဆီကို အလာကျဲသွားတယ်။ လက်ဘက်ရည်ဆိုင်သွားဖို့ ခေါ်ရင်လည်း တစ်ခုမဟုတ်တစ်ခု အကြောင်းပြပြီး ငြင်းနေခဲ့သည်။ အရင်ကဆို ရန်ကုန်သွားမယ်ဆိုရင်လည်း ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလုံလုံလောက်လောက်ပါမှ သွားတဲ့ကောင်၊ အခုတော့ အလုပ်သွားရင် ကားခအသွားအပြန်နဲ့ ကွမ်းယာဖိုးလောက်သာ ပါသည်။ လက်ဘက်ရည်ဆိုင် ထိုင်ရင် အရင်လို လက်ဘက်ရည် မသောက်တော့ဘူး.။ မနေ့က အဖြစ်အပျက်က ပိုပြီးထူးထူးခြားခြားနဲ့ ကျွန်တော့်စိတ်ကို လှုပ်ခတ်သွားစေသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အကျင့်က သူငယ်ချင်းတွေ အတူတူသွားပြီးဆိုရင် လမ်းပေါ်မှာတွေ့သမျှ ပစ္စည်းတွေကို အလုအယက်ကန်ကြသည်။ ပလတ်စတစ်အိတ်တွေ့ရင်လည်း ခြေတစ်ဖက်က ပလတ်စတစ်အိတ်ကို လေလုံအောင်နင်းထားပြီး ကျန်တစ်ဖက်နဲ့ အသံမြန်အောင်ဖောက်လေ့ရှိတယ်။ မနေ့က သူငယ်ချင်းတွေ တူတူပြန်လာတဲ့အခါ  လမ်းအလယ်ခေါင်မှာ ဗူးတစ်ဗူးကို လှမ်းတွေ့တော့ သူငယ်ချင်းတွေ ပြိုင်ပြေးပြီး ကန်ဖို့ပြင်ကြသည်။ အဲဒီချိန်မှာ ဇော်မိုးက ဗူးကို အလျင်အမြန် ကောက်ယူလိုက်ပြီး သူ့ပုဆိုးအောက်နားစနဲ့ ပေနေတဲ့ဗူးကို သုတ်နေသည်။ ကျွန်တော်တို့က “ဟေ့ရောင် ဇော်မိုး ဘာလုပ်တာလဲ မညစ်ပတ်နဲ့ကွာ” “ ပြန်ချလိုက် ကွာ ” ကျွန်တော်တို့ သူငယ်ချင်းတွေ သူ့ဆီက အတင်းလုတော့ သူက
“ဒီနို့ဆီ ဗူးခွံလေးကို ငါမကန်ချင်ဘူးကွာ။ ဒီနို့ဆီဘူးခွံလေးရဲ့ အပေါ်ပိုင်းကို သံမတလင်းနဲ့တိုက်ပြီး ခွာလိုက်ရင် ငါ့အိမ်မှာ ဆန်ချိန်လို့ရတယ်။ ငါ့အိမ်အတွက် ဆန်ချိန်တဲ့ ခွက်လေးရတယ် ” ကျွန်တော် အပါအ၀င် သူငယ်ချင်းများက ဇော်မိုးကို တအံတသြ ငေးကြည့်နေမိသည်။
“ ငါအရင်လို ပေါ့ပေါ့နေလို့မရတော့ဘူး သူငယ်ချင်းတို့ရာ၊ ငါအခု အိမ်ထောင်တစ်ခု ထူထောင်ထားတယ်၊ ငါ့အိမ်ရဲ့ လိုအပ်ချက်တွေက အိမ်ထောင်ဦးစီးဆိုတဲ့ ငါ့အပေါ်မှာ တာဝန်ရှိနေတယ်။ ငါချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်ကို ငါ ရိုးသားစွာဖြင့် တင့်တောင်းတင့်တယ် ထားနိုင်ဖို့လိုအပ်တယ်။ မင်းတို့ကတော့ ငါ့ကို တစ်မျိုးမြင်ကြမှာပါ။ အရင်ကဆို ဒီလိုပစ္စည်းလေးတွေက ငါ့အတွက် အသုံးမ၀င်ခဲ့ဘူး၊ အသုံးမ၀င်ဘူးဆိုတာထက် ငါတို့အသုံးမပြုတတ်ခဲ့တာပါ။ အခုဆို လမ်းမှာတွေ့တဲ့ သစ်ကိုင်းခြောက်တွေက အစ ငါ့အတွက် အသုံးဝင်လာခဲ့ပြီ ”
ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါ့ပေါ့နေ ပေါ့ပေါ့စား မိဘအိမ်မှာနေခဲ့ကြသည်။ မိသားစုတွေက သာမန်အခြေခံလူတန်းစားတွေ၊ ရုန်းကန်ပြီး မှ ဘ၀ကို ရှင်သန်နေကြရသည်။ ဇော်မိုးရဲ့စကားတွေက ကျွန်တော့်နှလုံးသားထဲထိ စိမ့်ဝင်လာသည်။
ကျွန်တော် နောက်နှစ် မိန်းမယူဖို့ အဖေ့ကို ပြောတုန်းက
“ သား မိန်းမယူမယ်ဆိုရင် အဖေ့ အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့် တာ သဘာဝပါ။ ဒါပေမယ့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆိုရင် အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဖြစ်ဖို့လိုတယ်။ အိမ်ထောင်ပြုမယ်လို့ စဉ်စားလိုက်ပြီဆိုတာ နဲ့ ကိုယ့်မှာအိမ်ထောင်ဦးစီး တစ်ယောက်ရဲ့ အရည်အချင်းတွေရှိနေပြီလား ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ် ”
အဖေပြောခဲ့တဲ့စကားတွေနဲ့ ဇော်မိုးရဲ့အပြုအမှုတွေကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မေးခွန်းထုတ်နေမိသည်။ ကျွန်တော့်အနေနဲ့ သမရိုးကျတစ်ခုလို့ထင်ခဲ့တဲ့ အကြောင်းအရာတစ်ခုက အခုအရေကြီးတဲ့အကြောင်းအရာဖြစ်နေသည်။ ကျွန်တော့်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အရည်အချင်းတွေရှိနေရဲ့လား။ အတွေးတွေနဲ့ ချာချာလည်လည်နေမိသည်။
ကျွန်တော်ချစ်လှစွာသော သိင်္ဂီ၊ ကျွန်တော့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ သိင်္ဂီကရော ကျွန်တော့်အပေါ် ဘယ်လိုမြင်မလဲ။
“ သိင်္ဂီ ကိုယ့်မှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေရှိနေတယ်လို့ထင်လား ”
ကျွန်တော့်ရဲ့ မေးခွန်းကို အထူးအဆန်းဖြစ်သွားပုံရသည်။
“ ဘာဖြစ်လို့ မေးတာလဲ ကိုကိုရယ် ”
“ ကိုကို မေးတာပဲဖြေပေးပါ ”
“ ကိုကို ဟာ သိင်္ဂီ့ အတွက် ချစ်သူကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတယ်ဆိုတာ ယုံပါတယ်။ ဒါဆိုရင်သိင်္ဂီကိုလည်းကိုကိုဖြေပေးပါ။ သိင်္ဂီမှာရော အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေလားဆိုတာ ”
ကျွန်တော်လည်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“ သိင်္ဂီ က ကိုကို့အတွက် ချစ်သူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့  ကိုကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကိုကိုတို့တွေ ချစ်သူဘ၀မှာချစ်သူကောင်းတစ်ယောက်ရဲ့ အရည်အချင်းလိုအပ်သလို အိမ်ထောင်ပြုတော့မယ်ဆိုရင်လည်း အိမ်ထောင်ရှင်ကောင်း ဖြစ်ဖို့ လိုအပ်တယ် ”
“ကိုကို ရယ် ကိုကိုပြော မှ သိင်္ဂီ အတွေးတွေထဲ အလင်းတန်းတစ်ခု စီးဆင်းသွားသလိုပဲ။
သိင်္ဂီတို့တွေ နောက်နှစ်အိမ်ထောင်ပြုဖို့ ပိုက်ဆံစုရုံနဲ့မပြီးသေးဘူး။ အိမ်ထောင်ဦးစီးကောင်း၊ အိမ်ထောင်ရှင်မကောင်းတွေ ဖြစ်ဖို့လည်း ကြိုးစားရမယ် ”
နားလည်လွယ်တဲ့ချစ်သူလေးကို ကျွန်တော်သိုင်းဖက်လိုက်ပြီး
“ ဟုတ်တာပေါ့ သိင်္ဂီရယ် ကိုကိုတို့တွေ နောက်နှစ်အတွက် ပိုက်ဆံတွေစုပြီးတော့ အိမ်ထောင်ရှင်ကောင်းဖြစ်အောင်လည်းကြိုးစားကြမယ်။ အိမ်ထောင်ပြုပြီးတော့ သားသားမီးမီးလေးတွေ ရလာတဲ့အခါ ဖခင်ကောင်း၊ မိခင်ကောင်း ဖြစ်အောင်လည်း ကြိုးစားရအုံးမှာပေါ့ ”
“ ဟာ ကိုကို ကလည်း ဘာတွေပြောနေတာလဲမသိဘူး ။ နားရှက်စရာ ”
ချစ်သူရဲ့ ပါးလေးတွေနီပြီး ရှက်နေတဲ့ဟန်လေးကို ကျွန်တော် မပြုံးဘဲမနေနိုင်တော့ချေ။ ဖက်ထားသော လက်ကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်မိတော့သည်။
                                                                                                          မင်းသျှင်