Thursday, March 19, 2015

ပစ္စုပ္ပန်အတွက်ဆေးတစ်ခွက်



“ပစ္စုပ္ပန်အတွက် ဆေးတစ်ခွက်”
“ ဆရာမလေး………..ဆရာမလေး ”
အပြေးတစ်ပိုင်းနဲ့ လှေကားပေါ်တက်လာတဲ့ မထားကြည် ။
“ ဆရာမလေး ရေ ..ကယ်ပါအုံး ၊ ဆရာမလေး တပည့် အိသဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ လုပ်နေတယ်”
ဆရာမလေးသိင်္ဂလည်း အပြေးတစ်ပိုင်းနဲ့ အိမ်ပေါ်တက်လာတဲ့ မထားကြည်ရဲ့ စကားကြားလိုက်သည့်နှင့် တပြိုင်နက် အထိတ်တလန့်ဖြစ်ခါ ထမင်းစားနေရာမှ လက်ထဲက ထမင်းလုတ်ပင် ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
“ ဘယ်လိုဖြစ်တာလဲ မထားကြည် ရယ် ၊ အထိတ်တလန့် ဖြစ်လိုက်တာ”
“ ဆရာမလေး အမြန်လိုက်ခဲ့ မှ ဖြစ်မယ် နောက်ကျရင် အချိန်မှီမှာ မဟုတ်တော့ဘူး”
မထားကြည်ရဲ့ အလောတကြီးနိုင်ပုံ၊အထိတ်တလန့်စကားလုံးတွေ ကြောင့်  သိင်္ဂလည်း ရေဇလုံထဲ လက်ကို ကမန်းကတန်းဆေးနေရင်း ၊ အဒေါ်ဖြစ်သူကို
“ ဒေါ်စန်းရေ သမီး မထားကြည် နဲ့ ရွာ အနောက်ဘက် ပိုင်းကို လိုက်သွား အုံးမယ်၊အိမ်တံခါးတွေ သေချာ ပိတ်ထားအုံးနော်”
ဒေါ်စန်းရဲ့ နောက်ဆက်တွဲ စကားကို နားထောင်ချိန်မရတော့ပဲ၊ မထားကြည်က ဆရာမလေးသိင်္ဂီလက် ကို ဆွဲ ပြီး ရွာ အနောက်ဘက်ပိုင်းရှိ အိသဲတို့ အိမ် သို့ အပြေးတစ်ပိုင်း ခေါ်ဆောင်သွားလေသည်။
“ ဘယ်လို ဖြစ်တာလည်း မထားကြည်ရယ် ကျွန်မကို လည်း အကျိုးသင့် အကြောင်းသင့် လေးရှင်းပြ ပါအုံး၊ မထိတ့်သာ မလန့်သာ ရှိ လိုက်တာ”
မထားကြည်လည်း အပြေးတစ်ပိုင်းသွားနေရင်းမှ
 “ ဒီလို ဆရာမလေးရေ အိသဲလေး ကျောင်းက ပြန်လာချိန် အိမ်မှာ ဘယ်သူမှ မရှိတုန်း ဟိုဘက်ပိုင်းက မြမောင်က အလိုမတူပဲ သားမယားပြုကျင့် သွားတယ်လေ၊အဲဒါကို  ကွင်းထဲ က ပြန်လာ တဲ့ သူ့အစ်ကို အောင်ကြီး က သိတော့ သူ့ညီမကို ယူဖို့ မြမောင်ကို သွားပြောတယ်၊မြမောင်က မယူနိုင်ဘူးဆိုပြီး ဗြောင်ငြင်းတော့ အဲ့ဒီမှာ စကားများရာကစပြီး စိတ်မထိန်းနိုင်ပဲ ခြေလွန်လက်လွန်တွေ ဖြစ်ပြီး မြမောင် အဲ့ဒီနေရာမှာ ပဲ ပွဲချင်းပြီးသွားတာပဲ ဆရာမလေးရယ်”
သိင်္ဂီ ရင်ထဲ စိုးရိမ်တွေ ကြီးစိုးနေခဲ့သည်။
“အိသဲလေး က သူ့ အစ်ကို အောင်ကြီး သူ့အတွက်ကြောင့် လူသတ်မှုဖြစ်၊သူကိုယ်တိုင်လည်း အစော်ကားခံ လိုက်ရတော့ ဒီဘ၀မှာ မနေချင်တော့ ဘူးဆိုပြီး သူ့ကိုယ်သူ သေကြောင်းကြံစည်နေလေရဲ့၊အဲဒါကို သူ့ အဘွားဒေါ်လှစိန်က တွေ့ပြီး ပတ်ဝန်းကျင် ကို အော်ပြီး အကူအညီတောင်းလို့ ကံကောင်းသွားတာပေါ့၊အခုလည်း ဘယ်သူမှ အိမ်ပေါ်အတက်မခံဘူး အိမ်ပေါ်တက်တာနဲ့ သူ့ကိုယ်သူ သတ်သေမယ်ဆိုပြီး ဓါးကိုင်ကာ နေလေရဲ့”
သိင်္ဂလည်း မထားကြည်ရဲ့ စကားကြားလိုက်တော့ ပိုပြီး ခြေလှမ်းသွက်ခါ အိသဲတို့ အိမ်ဘက်သို့ အပြေးလှမ်းသွားနေခဲ့သည်။
                                                    ………………………………………………..
တွေ့ လိုက်ရတဲ့ မြင်ကွင်းက
အိသဲတို့ အိမ်ရှေ့တွင် ရွာသူကြီး၊ရွာသူရွာသားများ စုရုံးနေကြသည်။
“ ဟေ့ ဆရာမလေး လာပြီ ဟေ့ လမ်းဖယ်ပေးကြ ၊ဖယ်ပေးကြ”
အဖွားဒေါ်လှစိန် က ငိုနေတဲ့ မျက်ဝန်းတွေနဲ့
“ ဆရာမလေး ရယ် ဆရာမလေး တပည့်အိသဲကို ဖြောင်းဖြပေးပါအုံး”
“ အိမ်ပေါ်တက်ပြီး ဆရာမတပည့် ကို တားပေးပါအုံး ဆရာမလေးရယ် “
 ဟု ရွာလူကြီးဦးကြိုင်ကလည်း ရွာသူကြီးတစ်ယောက် အနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်စေလိုပေ။
ဒီရွာလေး မှာ သိင်္ဂီလည်း အရေးပါ အရာရောက်သူအနေနဲ့ ဖြစ်မှန်းမသိဖြစ်နေခဲ့သည်။ ကျေးရွာသူ၊ရွာသားများ အနေကလည်း လယ်ထဲကွင်းထဲက လွဲ ပြီး ဘာမှ မလုပ်တတ် မကိုင်တတ်ချေ၊ပညာတတ်ရှားပါး တော့ အသိပညာ ဗဟုသုတ နည်းပါး၊ ရိုးသားမှုက လွဲပြီး ၀မ်းစာ အဓိက သင်ကြားတတ်မြာက်ကြသည်။ ဆရာမဆိုတဲ့ဂုဏ်၊ ပညာတတ်ဆိုတဲ့ ဂုဏ်တွေကြောင့် အားထား ယုံကြည်ကြသည်။ ဒီရွာ မှာ အကြောင်းကြီးငယ်ရှိက ရွာဦးကျောင်းဆရာတော်က ဖြေရှင်းပေးရသည်။ ယခုဖြစ်ရပ်က မိန်းမသား ကိစ္စဖြစ်လေတော့၊မိန်းမသား ချင်းဖြေရှင်းတာ ကောင်းသည့် အတွက် သိဂီင်္ ကို အားကိုး ကြ တာ ဖြစ်သည်။ သိင်္ဂီလည်း အပြေးလာခဲ့ပေမယ့် အမောမဖြေနိုင်သေးချေ၊ အိမ်ပေါ်သို့ အလျင် တက်လိုက်သည်ဆိုရင်ပဲ
“ ဆရာမ ရှေ့ဆက်မလာနဲ့နော်၊ရှေ့ဆက်လာရင် သမီး ဒီဓါးနဲ့ ကိုယ့်ကိုကိုယ်သတ်သေလိုက်မှာ”
သြော် အိသဲလေးရယ် ကျောင်းခန်းထဲမှာ ဆိုရင် သနပ်ခါးပါးကွက်ကြား၊အကျီ င်္ဖြူစိမ်းလေးနဲ့ ကျောင်းသူတပည့် အလိမ္မာလေး၊အခု ဆံပင်တွေ ဖရိုဖရဲ မျက်ရည်တွေနဲ့ မဲညစ်နေတဲ့မျက်နှာ၊ ဖျောင်းဖျဖို့ထက် သိင်္ဂီ ရင်ထဲမှာ ခံစားမှု တွေ က အတိုင်းအထက်အလွန် ဖြစ်တည်လာပြီး မျက်ရည်တွေ ပင်သူကိုယ်တိုင်ကျဆင်းနေမိသည်။ သမီးလေးရယ်…။
“ ဆရာမရယ် သမီးကို သေခွင့် ပေးပါ၊သမီး အသက်မရှင်ချင်တော့ဘူး၊သမီးဘ၀ ပျက်သွားပြီး ဆရာမရယ်..အဟင့်.ဟင့်..အီးဟီး..ဟီး သမီးသေချင်တယ်၊ကိုကြီးလည်း သမီးကြောင့် လူသတ်မိပြီ ၊ရဲတွေက ဖမ်းခေါ်သွားပြီ၊သမီးဘယ်လို မျက်နှာနဲ့ အသက် ဆက်ရှင်ရမလဲ ဆရာမရယ် ”
သိင်္ဂီ မိန်းမသားချင်း ကိုယ်ချင်းစာမိသည်။အရှက်နဲ့ သိက္ခာ ဆိုတာ မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုး ဖြစ်သလို၊သူရဲ့ ဘ၀လည်း ဖြစ်သည်။အဖြူရောင်စာရွက် တစ်ရွက်လို ရေးခြစ်သူရဲ့ အသုံးချမှု ပေါ်မူတည်ပြီး တန်ဖိုးတက်စေတယ်၊ဆုတ်ဖြဲ ချွေမွသူ၊  ညစ်ပက်နေအောင် လုပ်တတ်သူတွေကြောင့် တန်ဖိုးလျော့နည်းသွားပြီး၊ အမှိုက်တစလို  နင်းချေခံရသည်။ကိုယ်ကျင့်တရား မကောင်းသူရဲ့ လက်ချက်ကြောင့် ဘ၀ဆုံးပြီ ဆိုပြီး အသက်ပါစတေးခံမယ့် အိသဲလေးကို ဘယ်လို နားဝင်အောင် ဖျောင်းဖျပေးရမလဲ။
 “ သမီးလေးရယ် ဆရာမပြောတာသေချာနားထောင်ပေးပါ၊ဆရာမ အနေနဲ့ အိသဲ ကို ကိုယ့်ရဲ့ သမီးလေး တစ်ယောက်လို့ စိတ်ထားနဲ့ပြောနေတာပါ။မိုက်ရိုင်းယုတ်မာတဲ့ လူတစ်ယောက်ကြောင့် သမီးရဲ့အပျိုစင် ဂုဏ်ပျက်စီးခဲ့ရပြီ။ ဆုံးရှုံးခဲ့ရပြီးပြီ။ နောက်ထပ်သမီးက အသက်ကိုပါ ထပ်ပြီးဆုံးရှုံးခံတော့မလို့လား”
“ဆရာမရယ် သမီးဘယ်လို့ မျက်နှာ နဲ့ ဒီပတ်ဝန်းကျင်မှာ နေရမှာလဲ၊သမီးအရမ်းရှက်တယ်ဆရာမရယ်”
“ ဆရာမ နားလည်ပါတယ် သမီးလေးရယ် ၊ရခဲ့လှတဲ့ လူ့ ဘ၀မှာ အမှားတစ်ခု ကြောင့် ဘ၀ကို ရပ်တန့် လိုက်တော့မလို့လား၊ဆရာမတို့ မိန်းမသားတွေမှာ အရှက်ကို အသက်ထက် တန်းဖိုးထားတယ် ဆိုတာ မှန်ပါတယ်။ အခုဖြစ်ရပ်က လည်း သမီးကိုယ်တိုင် အရှက်မဲ့ ခဲ့တာ မဟုတ်ဘူး၊ အမှားပြင်ဆင်ခွင့် ၊ပြန်လည်ပြုပြင်ပြောင်းလဲ ခွင့်တွေ အသက်ရှင်တဲ့ ကာလပတ်လုံး လုပ်နိုင်ခွင့်ရှိတယ်။သမီး က သေဆုံးခြင်းနဲ့ ပြဿနာကို ရှောင်ထွက်ပြီး ဖြေရှင်း ရင်တော့ သမီးမှားသွားပြီ ။ထပ်ပြီးတော့ ဆုံးရှုံးသွားပြီ၊ဒီနည်းနဲ့ သုံးလို့ ပြဿနာက ပြီးသွားမှာ လည်းမဟုတ်ဘူး။ဖြစ်ပြီးခဲ့ပြီး ဘာမှ ပြောင်းလဲ လို့ မရတော့ ဘူး၊အဆိုးထဲ က အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရမယ်။စိတ်ထွက်ပေါက်ကို ရအောင် ရှာရမယ်။ဒီအရိပ်မည်းကြီး ကဘ၀ရဲ့အာနည်းချက်ဆိုရင် အားသာချက်ဖြစ်အောင် သင်ခန်းစာယူပြီး ရှေ့ဆက်လျောက်လှမ်းရမယ်၊ သမီးဒီလို ဖြစ်လို့ ကျောင်းဆက် တက်လို့ မရတော့ဘူးလား၊ဆရာဝန်ကြီး မဖြစ်နိုင်တော့ဘူးလား။ အင်ဂျင်နီယာကြီး မဖြစ်နိုင်တော့ဘူးလား၊သူငယ်ချင်း အပေါင်းအဖော်တွေ မရနိုင်တော့ဘူးလား၊ လင်ကောင်းသားကောင်း မရနိုင်တော့ဘူး၊ ဒီလိုဖြစ်လို့ လူ့အသိုင်းအ၀ိုင်း က ပစ်ပယ် ထားမှာ လား၊မဟုတ်ဘူး သမီးလေးရယ်၊ သမီးမျော်လင့်ထားတဲ့ ရည်မှန်းချက် အတိုင်းရှေ့ဆက်လျှောက် ပိုင်ခွင့်ရှိတယ်။ ဒီလို ဖြစ်လို့ လူဖြစ်ရှုံးသွားတာ မဟုတ်ဘူး ၊လူညွှန်တုံးသွားတာ မဟုတ်ဘူး၊သမီးသာ အသက်ရှင်လျှက် ကြီုးစားမယ်ဆိုရင် ဖြစ်နိုင်ခွင့်တွေ ရှိသေးတယ်။မျော်လင့်ချက်တွေ ရှိနေအုံးမှာပါ။ တဏှာရူးတွေ ရဲ့ လက်ချက်ကြောင့် မြန်မာပြည်မှာ သာမက ကမ္ဘာ မှာပါ ဒီလို့ ဘ၀တွေ ကြုံတွေနေရတဲ့ မိန်းကလေးရှိတာပဲ။ ဒါကြောင့် သမီး ဒီလို ဆက်မဖြစ်အောင်၊ တစ်ခြားသူတွေ လည်းဒီလို အဖြစ်မျိုးတွေ နဲ့ မကြုံရလေအောင် သင်ခန်းစာယူပြီး ရှေ့ဆက်လျှောက်ဖို့ အားအင်မွေးရမယ်။နွံထဲမှာ နစ်နေပြီဆိုလို့ အားလျော့လိုက်ရင် နစ်သထက် နစ်သွားလိမ့်မယ်။ လူဘ၀မှာ ကိုယ်တိုင်ဖြစ်စေ ၊သူတစ်ပါးကြောင့် ဖြစ်စေ အမှားဆိုတာတွေကို ရင်ဆိုင် ကြုံတွေ့ နေရမှာပဲလေ”
သိဂီ င်္ စကားပြောတာ ကို ရပ်လိုက်ပြီး မျက်ရည်တွေနဲ့ စီးကျနေတဲ့ အိသဲလေးကို ကြည့်ပြီး သနားဂရုဏာဖြစ်မိသည်။နုနယ်တဲ့ ဘ၀လေးကို အရောင်တွေ ဆိုးရက်လိုက်ကြတာ။ အိသဲ လေးရဲ့ စီးကျနေတဲ့ မျက်ရည်တွေကို အသာ သုတ်ပေးနေရင်း
“ သမီးလေးအိသဲ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု တွေ ကို ဆရာမ ကာကွယ်ပေးပါမယ်။ဆရာမနဲ့ အတူ လိုက်ခဲ့ပါ”
သူ့ရဲ့ ဖြောင်းဖြ အားပေးစကားကို အိသဲ လေး နားလည်သွား တဲ့ မျက်နှာလေး ကို တွေ့ လိုက်တော့ သိင်္ဂီ လည်း အားတတ်သွားမိသည်။ဒီလို ဖြစ်ရပ်မျိုး ကြောင့် အသက်ကို ပေးဆပ်စတေးခံ မယ့် အားငယ်တတ်တဲ့ မိန်းမသားမျိုး လည်း မဖြစ်စေလိုပေ။အိသဲလေးရဲ့ အားငယ်နေတဲ့ စိတ်ဓါတ်တွေကို ပြန်လည် အားအင်ဖြစ်အောင် လမ်းမှန်ပို့ပေးဖို့ သူမ အနေနဲ့ အချိန်အတိုင်းအတာအထိတော့ သူမ အိမ်မှာ ခေါ်ထားရပေအုံးမည်။
“ဟုတ်ကဲ့” ဟု ခေါင်းလေးကို အသာငြိမ့်လိုက်တဲ့ အိသဲလေးကို ရင်ခွင်ထဲကို ထည့်လိုက်ပြီး ကျောလေးကို အသာပွတ်ပေးလိုက်သည်။စရိုက်မျိုးစုံ၊ခံယူချက်မျိုးစုံ နဲ့ လူ့ဘ၀ကြီးမှာ စဉ်းစားဥာဏ်နည်းပြီး၊အတ္တဆန်တဲ့ တဏှာရူးတွေ ရဲ့ လက်က လွတ် အောင် ပြီးတော့ ဒီလို စရိုက်မျိုး နဲ့ စိတ်ထားမျိုးတွေ ကင်းအောင် ၊ သူကိုယ်တိုင် ဆရာမ တစ်ယောက် အနေ နဲ့ နောင် အနာဂါတ် ရဲ့ ကလေးတွေ ကို စာသင်ခန်းထဲ မှ စ၍ သင်ခန်းစာ တစ်ခု အနေနဲ့ ထည့်သွင်း သင်ကြားပေးရမည့်ဟု လည်း ခံယူထားလိုက်သည်။
တဏှာရူးတွေ ဖောက်တဲ့လမ်း
မှောင်မိုက်လို့ ချောက်နက်
လမ်းပျောက်တဲ့ ညီမငယ်
အတိတ်ခြောက်လို့
ပျောက်လုလု အနာဂါတ်
ဘေးမထွက် မျော်လင့်ချက်နဲ့
အသက်ရှေ့ဆက်။
               မင်းသျှင်

No comments:

Post a Comment

ရင်ဖွင့်ဥယျာဉ်